19. ကောင်းကင်တမန်ကလည်း “ငါသည် ဘုရားသခင်ရှေ့တော်၌ခစားရသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်ဖွယ်သတင်းကိုပြောကြားရန် ငါသည် သင့်ထံသို့စေလွှတ်ခြင်းခံရ၏။
20. သင်သည် မိမိအချိန်ရောက်လျှင် ပြည့်စုံမည့် ငါ၏စကားကိုမယုံသောကြောင့် ဤအရာများပြည့်စုံသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက်နေလိမ့်မည်”ဟု ပြန်၍မြွက်ဆိုလေ၏။
21. လူတို့သည် ဇာခရိကိုစောင့်မျှော်နေ၍ သူသည်ဗိမာန်တော်ထဲ၌ကြန့်ကြာနေသည်ကို အံ့သြကြ၏။
22. သို့သော် ဇာခရိပြန်ထွက်လာသောအခါ သူတို့အားစကားမပြောနိုင်သောကြောင့် သူသည် ဗိမာန်တော်ထဲ၌ ဗျာဒိတ်ရူပါရုံကိုမြင်ရပြီဟု သိရှိသွားကြ၏။ ဇာခရိသည် သူတို့အား ကိုယ်လက်အမူအရာကိုသာပြ၍ ဆွံ့အလျက်နေ၏။
23. ထို့နောက် သူသည် တာဝန်ထမ်းဆောင်ရသည့်နေ့ရက်များပြီးဆုံးသွားသဖြင့် မိမိအိမ်သို့ပြန်သွားလေ၏။
24. ထိုနေ့ရက်များနောက်တွင် သူ၏ဇနီးအဲလစ်ဇဘက်သည် သန္ဓေတည်၍ ငါးလပတ်လုံး အိမ်တွင်း၌အောင်းလျက်နေ၏။
25. အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုဂရုပြုတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။
26. ဆဋ္ဌမလတွင် ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲနယ်၊ နာဇရက်ဟုခေါ်သောမြို့၌ရှိသည့် အပျိုကညာတစ်ဦးထံသို့စေလွှတ်တော်မူ၏။
27. ထိုအပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူဖြစ်ပြီး သူ၏နာမည်မှာ မာရိဖြစ်၏။