17. အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။
18. ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။
19. ကောင်းကင်တမန်ကလည်း “ငါသည် ဘုရားသခင်ရှေ့တော်၌ခစားရသော ဂါဗြေလဖြစ်၏။ သင့်ကိုနှုတ်ဆက်၍ ဤဝမ်းမြောက်ဖွယ်သတင်းကိုပြောကြားရန် ငါသည် သင့်ထံသို့စေလွှတ်ခြင်းခံရ၏။
20. သင်သည် မိမိအချိန်ရောက်လျှင် ပြည့်စုံမည့် ငါ၏စကားကိုမယုံသောကြောင့် ဤအရာများပြည့်စုံသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက်နေလိမ့်မည်”ဟု ပြန်၍မြွက်ဆိုလေ၏။
21. လူတို့သည် ဇာခရိကိုစောင့်မျှော်နေ၍ သူသည်ဗိမာန်တော်ထဲ၌ကြန့်ကြာနေသည်ကို အံ့သြကြ၏။
22. သို့သော် ဇာခရိပြန်ထွက်လာသောအခါ သူတို့အားစကားမပြောနိုင်သောကြောင့် သူသည် ဗိမာန်တော်ထဲ၌ ဗျာဒိတ်ရူပါရုံကိုမြင်ရပြီဟု သိရှိသွားကြ၏။ ဇာခရိသည် သူတို့အား ကိုယ်လက်အမူအရာကိုသာပြ၍ ဆွံ့အလျက်နေ၏။