33. သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှ ကျွန်မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့် ‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။
34. ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ အပြစ်ပြုသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။
35. ကျွန်သည် အိမ်၌ထာဝစဉ်နေထိုင်သည်မဟုတ်။ သားမူကား ထာဝစဉ်နေထိုင်၏။
36. ထို့ကြောင့် သားတော်သည် သင်တို့ကိုလွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန်လွတ်မြောက်ကြလိမ့်မည်။
37. သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
38. ငါသည် ခမည်းတော်ထံ၌မြင်ရသောအရာများကို ဟောပြော၏။ သင်တို့မူကား သင်တို့၏အဖထံမှကြားခဲ့ရသောအရာများကို ပြုကြ၏”ဟု မိန့်တော်မူလျှင်
39. ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း “သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
40. သို့သော် ယခုတွင် ဘုရားသခင်ထံမှကြားရသည့်သမ္မာတရားကို သင်တို့အားဟောပြောခဲ့သူငါ့ကို သတ်ရန် သင်တို့ရှာကြံနေကြ၏။ အာဗြဟံကား ဤသို့ပြုခဲ့သည်မဟုတ်။
41. သင်တို့သည် သင်တို့အဖပြုသောအမှုများကို ပြုကြ၏”ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။
42. ယေရှုက “ငါသည် ဘုရားသခင်ထံမှကြွလာပြီး ယခုရောက်ရှိနေပြီဖြစ်၍ ဘုရားသခင်သည် သင်တို့၏အဖဖြစ်လျှင် သင်တို့သည် ငါ့ကိုချစ်ခဲ့ကြပေလိမ့်မည်။ အကြောင်းမူကား ငါသည် ကိုယ့်ဆန္ဒအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။
43. သင်တို့သည် ငါပြောဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ ငါ၏တရားစကားကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
44. သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုအတိုင်းပြောဆို၏။
45. ငါမူကား သမ္မာတရားကိုပြောဆိုသောကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြ။
46. သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ သမ္မာတရားကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။
47. ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်တို့ကိုနားထောင်၏။ သင်တို့နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
48. ဂျူးလူမျိုးတို့ကလည်း “သင်သည် ရှမာရိနယ်သားဖြစ်ပြီး သင့်ကိုနတ်ဆိုးပူးနေသည်ဟူ၍ ငါတို့ပြောကြသည်မှာ လျောက်ပတ်သည်မဟုတ်လော”ဟု ပြန်ပြောကြ၏။
49. ယေရှုက “ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
50. သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။
51. သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်မတွေ့မကြုံရ”ဟု မိန့်တော်မူ၏။
52. ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား ‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမမြည်းစမ်းရ’ဟု ဆိုပါသည်တကား။
53. သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် ကြီးမြတ်သလော။ သူသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု ထင်မှတ်သနည်း”ဟု ဆိုကြ၏။