57. ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးတို့စုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
58. ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။
59. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်၏ပြစ်မှုကိုထင်ရှားစေမည့် မမှန်သောသက်သေကိုရှာကြ၏။
60. မမှန်သောသက်သေထွက်ဆိုသောသူ များစွာလာကြသော်လည်း မည်သည့်အထောက်အထားမျှမတွေ့ရကြ။ နောက်ဆုံးတွင် လူနှစ်ဦးသည် လာ၍
61. “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။
62. ထိုအခါ ယဇ်ပုရောဟိတ်မင်းသည်ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ကိုယ်တော်အားမေးလေ၏။