42. တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍ “အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
43. ထို့နောက် တစ်ဖန်ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
44. သူတို့ကိုထားခဲ့၍ တစ်ဖန်ကြွသွားလျက် အထက်က တောင်းလျှောက်ခဲ့သည့်အတိုင်း တတိယအကြိမ် ထပ်၍ဆုတောင်းတော်မူ၏။
45. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍ “ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
46. ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ”ဟု မိန့်တော်မူ၏။
47. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးတို့က စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
48. ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ထိုသူပင်ဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။
49. ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
50. ယေရှုကလည်း “အဆွေ၊ သင်လာသည့်အကြောင်းကိစ္စကိုဆောင်ရွက်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ချဉ်းကပ်၍ ယေရှုကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။