1. သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ရောက်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍
2. “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ထိုအခါ ချည်ထားသောမြည်းမနှင့် သူ၏အနားတွင်ရှိသောမြည်းကလေးကို သင်တို့ချက်ချင်းတွေ့ကြလိမ့်မည်။ မြည်းကြိုးဖြေ၍ ငါ့ထံသို့ ခေါ်ဆောင်လာကြလော့။
3. တစ်စုံတစ်ယောက်က သင်တို့အား တစ်စုံတစ်ခုပြောလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့။ ထိုသို့ပြောလျှင် ၎င်းတို့ကို ချက်ချင်းပို့ပေးလိမ့်မည်”ဟူ၍ မိန့်တော်မူ၏။
4-5. ဤအမှုအရာဖြစ်ပျက်ခဲ့ခြင်းမှာ “‘ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းမနှင့်မြည်း၏သားတည်းဟူသော မြည်းကလေးကိုစီးလျက် နူးညံ့သိမ်မွေ့စွာဖြင့် သင့်ထံသို့ကြွလာတော်မူ၏’ဟူ၍ ဇိအုန်သမီးအား ပြောကြားကြလော့”ဟု ပရောဖက်အားဖြင့်မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
10. ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်တော်မူရာ တစ်မြို့လုံးရုတ်ရုတ်ရက်ရက်ဖြစ်သဖြင့် “ဤသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
11. လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။
12. ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ
13. ထိုသူတို့အား “ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာ ဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။
14. ထို့နောက် ဗိမာန်တော်၌ မျက်မမြင်များနှင့်ခြေမသန်စွမ်းသူတို့သည် အထံတော်သို့လာကြရာ ကိုယ်တော်သည် သူတို့ကို အကောင်းပကတိဖြစ်စေတော်မူ၏။
15. သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာတို့သည် ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုများကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ဗိမာန်တော်၌ ကလေးများကြွေးကြော်နေကြသည်ကိုလည်းကောင်း မြင်လျှင် အမျက်ထွက်ကြ၍
16. “ဤကလေးတို့ပြောဆိုနေသောအရာကို ကြားသလော”ဟု မေးမြန်းကြ၏။ ယေရှုကလည်း “ငါကြား၏။ ‘ကလေးသူငယ်များနှင့် နို့စို့ကလေးငယ်တို့၏နှုတ်ထဲမှ ချီးမွမ်းခြင်းကို ကိုယ်တော်ပြင်ဆင်တော်မူ၏’ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလော”ဟု သူတို့အား မိန့်တော်မူ၏။
17. ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
18. နံနက်စောစော မြို့သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။
19. ထိုစဉ် လမ်း၌ သဖန်းပင်တစ်ပင်ကိုမြင်၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ ၎င်းတွင် အရွက်များမှလွဲ၍ မည်သည့်အရာကိုမျှမတွေ့သဖြင့် ထိုအပင်အား “ယခုမှစ၍ ကာလအစဉ်အဆက် သင်၌အသီးမသီးစေရ”ဟု မိန့်တော်မူ၏။ ထိုအခါ သဖန်းပင်သည် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားလေ၏။
20. တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် အံ့သြလျက် “သဖန်းပင်သည် မည်သို့သောအားဖြင့် ချက်ချင်းညှိုးနွမ်းခြောက်သွေ့သွားသနည်း”ဟု ဆိုကြ၏။
21. ယေရှုကလည်း “သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။
22. သင်တို့ဆုတောင်းသောအခါတွင်လည်း ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သမျှသောအရာတို့ကို သင်တို့ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
23. ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးတို့သည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
24. ယေရှုကလည်း “ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ သင်တို့ ငါ့ကိုဖြေကြားလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောမည်။
25. ယောဟန်၏ဗတ္တိဇံသည် အဘယ်ကဖြစ်နည်း။ ကောင်းကင်မှဖြစ်သလော သို့မဟုတ် လူတို့ထံမှဖြစ်သလော”ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။
26. ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်း လူထုပရိသတ်ကိုကြောက်ရ၏။ အကြောင်းမူကား သူတို့အားလုံးသည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏”ဟု ပြောဆိုကြ၏။
27. ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ကိုယ်တော်က “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော။
28. သင်တို့သည် မည်သို့ထင်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိ၏။ သူသည် ပထမသားထံသို့သွား၍ ‘ငါ့သား၊ ယနေ့ စပျစ်ခြံသို့သွား၍ အလုပ်လုပ်လော့’ဟု ပြောလေ၏။
29. ထိုသားသည် ‘အကျွန်ုပ်မသွားလိုပါ’ဟု ပြန်ဖြေသော်လည်း နောက်မှစိတ်ပြောင်းလဲသဖြင့် သွားလေ၏။
30. ဖခင်သည် အခြားသောသားထံသို့သွား၍ ထိုနည်းတူပြောလေ၏။ ထိုသားက ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်သွားပါမည်’ဟု ပြန်ဖြေသော်လည်း မသွားဘဲနေ၏။
31. ထိုသားနှစ်ယောက်တို့တွင် မည်သူသည် ဖခင်၏အလိုကိုဆောင်ရွက်ခဲ့သနည်း”ဟု မေးတော်မူလျှင် သူတို့က “ပထမသားဖြစ်သည်”ဟု ဖြေကြ၏။ ယေရှုကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့သည် သင်တို့ထက်အလျင်ဦးစွာ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြ၏။
32. အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်ခြင်းတရားလမ်းဖြင့် သင်တို့ထံသို့လာသော်လည်း သင်တို့သည် သူ့ကိုမယုံကြည်ကြ။ အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့မူကား သူ့ကိုယုံကြည်ကြ၏။ သင်တို့သည် ထိုအခြင်းအရာကိုမြင်လျက်ပင် နောက်မှစိတ်ပြောင်းလဲ၍ သူ့ကိုယုံကြည်လာခြင်းမရှိကြ။
33. အခြားသောပုံဥပမာကို နားထောင်ကြလော့။ ခြံပိုင်ရှင်တစ်ဦးရှိ၏။ သူသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် ခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။
34. အသီးပေါ်ချိန်နီးကပ်လာသောအခါ စပျစ်ခြံထွက်အသီးများကိုရယူရန် မိမိ၏အစေအပါးတို့ကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။
35. ထိုအခါ ခြံသမားတို့သည် ထိုသူ၏အစေအပါးတို့ကိုဖမ်းဆီး၍ တစ်ဦးကိုရိုက်နှက်ကာ အခြားတစ်ဦးကိုသတ်ဖြတ်လျက် တစ်ဦးကိုမူ ခဲနှင့်ပေါက်သတ်ကြ၏။
36. နောက်တစ်ဖန် ယခင်ထက် ပို၍များပြားသော အခြားအစေအပါးတို့ကို စေလွှတ်လိုက်ရာ ခြံသမားတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။
37. ခြံပိုင်ရှင်ကလည်း ‘သူတို့သည် ငါ့သားကို ရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။
38. သို့သော် ခြံသမားတို့သည် ထိုသားကိုမြင်သောအခါ ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုရယူကြစို့’ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
39. သူ့ကိုဖမ်းဆီး၍ စပျစ်ခြံအပြင်သို့ ဆွဲထုတ်ကာ သတ်ပစ်ကြ၏။