13. သို့သော် ခြံပိုင်ရှင်က ထိုသူတို့အထဲမှတစ်ယောက်အား ‘အဆွေ၊ ငါသည် သင့်အပေါ်မတရားပြုသည်မဟုတ်။ သင်သည် ငါနှင့် ဒေနာရိတစ်ပြားနှုန်းဖြင့် သဘောတူသည်မဟုတ်လော။
14. သင်၏လုပ်အားခကို ယူ၍သွားလော့။ သင့်ကို ငါပေးသကဲ့သို့ နောက်ဆုံးလာသော ဤသူကိုလည်း ငါပေးလို၏။
15. ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။
16. ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
17. ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်သွားတော်မူစဉ် လမ်းခရီး၌ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို သီးသန့်ခေါ်၍
18. “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့ထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍
19. ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
20. ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။