29. သို့သော် စိုက်ခင်းပိုင်ရှင်က ‘ထိုသို့မပြုနှင့်။ မြက်သီးပင်များကိုနုတ်ယူစဉ် ဂျုံပင်ကိုရောနှော၍ အမြစ်ပါမကျန်ဆွဲနုတ်မိမည်ကို စိုးရိမ်ရ၏။
30. ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား ‘မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့’ဟု ငါပြောမည်ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
31. ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ
32. ၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။
33. အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။
34. ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။
35. ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။