23. ကိုယ်တော်သည် မျက်မမြင်၏လက်ကိုဆွဲ၍ ရွာအပြင်သို့ခေါ်သွားတော်မူပြီးလျှင် သူ၏မျက်စိပေါ်သို့ တံတွေးထွေးကာ သူ့အပေါ်လက်တော်တင်လျက် “တစ်စုံတစ်ခုကိုမြင်ရသလော”ဟု မေးတော်မူ၏။
24. သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။
25. ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်ကာ အားလုံးကို ကြည်လင်စွာမြင်ရလေ၏။
26. ကိုယ်တော်ကလည်း “ရွာထဲသို့မဝင်နှင့်”ဟု မိန့်တော်မူပြီး သူ့ကို မိမိအိမ်သို့ ပြန်လွှတ်တော်မူ၏။
27. ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိနယ်ရှိ ကျေးရွာများသို့ကြွတော်မူ၏။ လမ်းခရီး၌ တပည့်တော်တို့အား “လူတို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူ၏။
28. တပည့်တော်တို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ပရောဖက်များထဲမှတစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။
29. ကိုယ်တော်ကလည်း “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
30. ထိုအခါ ကိုယ်တော်သည် မိမိအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား သတိပေးတော်မူ၏။
31. ထို့နောက် ကိုယ်တော်က လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့၏ငြင်းပယ်ခြင်းကိုခံရပြီး အသေသတ်ခြင်းခံရကာ သုံးရက်ကြာသောအခါ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား သွန်သင်တော်မူ၏။
32. ကိုယ်တော်သည် ထိုအကြောင်းအရာကို အတိအလင်းမိန့်တော်မူသောအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုလေ၏။