3. ထိုသူသည် သင်္ချိုင်း၌နေတတ်ပြီး မည်သူမျှ သူ့ကို သံကြိုးနှင့်ပင်ချည်နှောင်ထား၍ မရနိုင်ချေ။
4. အဘယ်ကြောင့်ဆိုသော် သူ့ကို ခြေချင်းနှင့်သံကြိုးတို့ဖြင့် အကြိမ်ကြိမ်ချည်နှောင်ခဲ့ကြသော်လည်း သူသည် သံကြိုးများကိုဆွဲဖြတ်ကာ ခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ကြချေ။
5. သူသည် သင်္ချိုင်း၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း နေ့ညမပြတ်အော်ဟစ်လျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။
6. သူသည် ယေရှုကိုအဝေးမှမြင်လျှင် ပြေးလာ၍ ကိုယ်တော်ကိုရှိခိုးကာ
7. “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့် အကျွန်ုပ်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ဘုရားသခင်ကိုအမှီပြု၍ ကိုယ်တော်အား အကျွန်ုပ်အလေးအနက်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျှောက်ထားလေ၏။
8. ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ထိုသူအား “ညစ်ညူးသောနတ်၊ ဤလူထံမှ ထွက်ခဲ့လော့”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
9. တစ်ဖန် ကိုယ်တော်က “သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ ထိုသူက “အကျွန်ုပ်၏နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် များစွာရှိကြသောကြောင့်ဖြစ်၏”ဟု လျှောက်လေ၏။
27-28. ယေရှုအကြောင်းကိုကြား၍ “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု ဆိုလျက် လူထုပရိသတ်ကြားမှ ကိုယ်တော်၏နောက်တော်သို့လာပြီး ဝတ်ရုံတော်ကိုတို့ထိလေ၏။
29. ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားသဖြင့် သူသည် ရောဂါဝေဒနာပျောက်ကင်းသွားကြောင်း မိမိကိုယ်ခန္ဓာ၌ ခံစားသိရှိရ၏။
30. ယေရှုသည် မိမိထံမှတန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူ၍ လူထုပရိသတ်ဘက်သို့လှည့်ကြည့်ကာ “ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း”ဟု မေးတော်မူ၏။
31. တပည့်တော်တို့ကလည်း “ကိုယ်တော်ကိုတိုးဝှေ့နေကြသည့် လူထုပရိသတ်ကိုမြင်တော်မူပါလျက်နှင့် ‘ငါ့ကို မည်သူတို့ထိသနည်း’ဟူ၍ မေးတော်မူရပါသလော”ဟု ကိုယ်တော်အားလျှောက်ကြ၏။
32. သို့သော် ကိုယ်တော်သည် ထိုသို့ပြုသောသူကိုတွေ့မြင်ရန် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူ၏။
33. ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌မည်သို့ဖြစ်ခဲ့သည်ကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ဟုတ်မှန်သည့်အတိုင်း အကုန်အစင်လျှောက်ထားလေ၏။
34. ကိုယ်တော်ကလည်း “သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။
35. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်မှ လူတို့သည် ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို အဘယ်ကြောင့် ဆက်၍နှောင့်ယှက်နေဦးမည်နည်း”ဟု ပြောကြ၏။
36. သို့သော် ယေရှုသည် ထိုစကားကိုဂရုမပြုဘဲ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့”ဟု မိန့်တော်မူ၏။
37. ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။
38. ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်သို့ သူတို့ရောက်ကြသောအခါ လူတို့သည် ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာငိုကြွေးမြည်တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူလျှင်
39. အထဲသို့ဝင်၍ “အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်လျက် ငိုကြွေးနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု သူတို့အားမိန့်တော်မူ၏။
40. ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို အပြင်သို့ထွက်စေပြီးလျှင် သူငယ်မ၏မိခင်နှင့်ဖခင်တို့အပြင် မိမိနှင့်အတူပါလာသောသူတို့ကိုသာခေါ်၍ သူငယ်မရှိရာသို့ဝင်တော်မူ၏။