1. ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။
2. ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ “လင်ယောက်ျားသည် မိမိမယားကိုကွာရှင်းခြင်းမှာ တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
3. ကိုယ်တော်ကလည်း “မောရှေသည် သင်တို့ကို မည်ကဲ့သို့ပညတ်ထားသနည်း”ဟု ပြန်၍မိန့်တော်မူလျှင်
4. သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။
5. ယေရှုကလည်း “သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် သူသည် ဤပညတ်ချက်ကို သင်တို့အတွက်ရေးခဲ့ခြင်းဖြစ်၏။
6. သို့သော် ဖန်ဆင်းခြင်း၏အစအဦးကပင် ဘုရားသခင်သည် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။
7. ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့်
8. ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။
9. ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
10. တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။
12. မယားသည်လည်း မိမိ၏ခင်ပွန်းနှင့်ကွာရှင်း၍ အခြားယောက်ျားနှင့်ထိမ်းမြားစုံဖက်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
13. ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
14. ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
15. သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
16. ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။
17. ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
18. ယေရှုကလည်း “ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။
19. ‘လူမသတ်ရ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ၊ မခိုးယူရ၊ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ၊ လိမ်ညာလုယူခြင်းမပြုရ၊ သင်၏မိခင်နှင့်ဖခင်တို့ကိုရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိ၏”ဟု မိန့်တော်မူ၏။