30. ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။
31. ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။
32. ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။
33. ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။
34. ကိုယ်တော်သည်လည်း ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူ များစွာတို့ကိုကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အား စကားပြောခွင့်ပေးတော်မမူ။
35. နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင်ထိုအရပ်၌ ဆုတောင်းတော်မူ၏။
36. ထိုအခါ ရှိမုန်နှင့်သူ၏အပေါင်းအဖော်တို့သည် ကိုယ်တော်ကိုလိုက်ရှာ၍
37. ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။
38. ကိုယ်တော်ကလည်း “အနီးအနားရှိ အခြားသောမြို့ရွာများတွင်လည်း ငါဟောပြောနိုင်ရန် ထိုမြို့ရွာများသို့ ငါတို့သွားကြစို့။ အကြောင်းမူကား ငါသည် ဤအတွက်လာ၏”ဟု မိန့်တော်မူ၏။