ရော​မ​ဩ​ဝါ​ဒ​စာ 11:16-25 Myanmar Standard Bible (MSB)

16. အ​သီး​ဦး​အ​ဖြစ်​ပူ​ဇော်​သော​မုန့်​ညက်​သည် သန့်​ရှင်း​လျှင် မုန့်​ညက်​တစ်​ပုံ​လုံး​သည်​လည်း သန့်​ရှင်း​၏။ အ​မြစ်​သည် သန့်​ရှင်း​လျှင် အ​ကိုင်း​အ​ခက်​များ​သည်​လည်း သန့်​ရှင်း​ကြ​၏။

17. သို့​သော် အ​ကိုင်း​အ​ခက်​အ​ချို့​တို့​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​၍ သံ​လွင်​ပင်​အ​ရိုင်း​ဖြစ်​သော​သင်​သည် ထို​အ​ကိုင်း​အ​ခက်​များ​ကြား​၌ ကိုင်း​ဆက်​ကူး​ခံ​ရ​ပြီး သံ​လွင်​ပင်​အ​မြစ်​မှ​အ​ဆီ​အ​နှစ်​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​လာ​လျှင်

18. ထို​အ​ကိုင်း​အ​ခက်​များ​အ​ပေါ် ဝါ​ကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါ​ကြွား​လျှင်​လည်း သင်​သည် အ​မြစ်​ကို​ထောက်​မ​သည်​မ​ဟုတ်။ အ​မြစ်​က​သာ သင့်​ကို​ထောက်​မ​၏။

19. ထို​အ​ခါ သင်​က “ငါ့​ကို ကိုင်း​ဆက်​ကူး​ရန်​အ​တွက် အ​ကိုင်း​အ​ခက်​များ​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်”​ဟု ဆို​လိမ့်​မည်။

20. မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံ​ကြည်​မှု​ကြောင့် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး သင်​မူ​ကား ယုံ​ကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ ကြောက်​ရွံ့​ခြင်း​ရှိ​လော့။

21. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မူ​လ​အ​ကိုင်း​အ​ခက်​များ​ကို ညှာ​တာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာ​တာ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

22. ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​သည် လဲ​ကျ​သော​သူ​တို့​ပေါ်​၌​ရှိ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​မူ​ကား သင်​သည် ထို​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​၌ ဆက်​၍​တည်​နေ​လျှင် သင့်​အ​ပေါ်​၌​ရှိ​၏။ ဆက်​၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်​ဖြတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

23. သူ​တို့​သည်​လည်း မ​ယုံ​ကြည်​မှု​ကို​စွန့်​ပယ်​လျှင် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​ကို နောက်​တစ်​ဖန်​ကိုင်း​ဆက်​ကူး​ရန် ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏။

24. အ​ဘယ်​ကြောင့်​ဆို​သော် သင်​သည် သ​ဘာ​ဝ​အ​တိုင်း ရိုင်း​သည့်​သံ​လွင်​ပင်​မှ ခုတ်​ဖြတ်​ခံ​ရ​၍ ကောင်း​သည့်​သံ​လွင်​ပင်​၌ သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​လျက် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​သည်​မှန်​လျှင် သ​ဘာ​ဝ​အ​တိုင်း ကောင်း​သည့်​သံ​လွင်​ပင်​၏​အ​ကိုင်း​များ​ကို​မူ​ကား မူ​ရင်း​သံ​လွင်​ပင်​၌ မည်​မျှ​ပို​၍​လွယ်​ကူ​စွာ ကိုင်း​ဆက်​ကူး​နိုင်​လိမ့်​မည်​နည်း။

25. ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​သ​တိ​ရှိ​သော​သူ​ဟူ​၍​မ​ထင်​မှတ်​ကြ​စေ​ရန် ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား အစ္စ​ရေး​လူ​မျိုး​၌ မာ​ကျော​ခက်​ထန်​သူ​အ​ချို့​ရှိ​ခြင်း​မှာ လူ​မျိုး​ခြား​တို့​စုံ​လင်​စွာ​ဝင်​ရောက်​သည်​အ​ထိ​ဖြစ်​ပြီး

ရော​မ​ဩ​ဝါ​ဒ​စာ 11