11. ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
12. သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
13. နဂါးသည် မြေကြီးပေါ်သို့ ပစ်ချခြင်းခံရသည်ကို သိမြင်သောအခါ သားယောက်ျားကိုဖွားမြင်သောအမျိုးသမီးအား လိုက်လံညှဉ်းဆဲလေ၏။
14. သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။
15. မြွေသည် ထိုအမျိုးသမီးအား ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။
16. သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။
17. ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး
18. ပင်လယ်၏သဲသောင်ပြင်ပေါ်တွင် ရပ်လေ၏။