ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2:15-26 Myanmar Standard Bible (MSB)

15. ဤ​သည်​ကား ကောက်​ကျစ်​၍​ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်​၏​အ​လယ်​တွင် သင်​တို့​သည် ရိုး​သား​ဖြူ​စင်​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​များ၊ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​ပြီး အ​သက်​နှင့်​ဆိုင်​သော​နှုတ်​က​ပတ်​တော်​ကို​စွဲ​ကိုင်​ထား​လျက် ဤ​လော​က​၌​ရှိ​သော​အ​လင်း​ရောင်​များ​ကဲ့​သို့ သူ​တို့​အ​ထဲ​တွင် ထွန်း​လင်း​ကြ​မည့်​အ​ကြောင်း​တည်း။

16. ထို​သို့​အား​ဖြင့် ငါ​သည် အ​ချည်း​နှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အ​ချည်း​နှီး​အား​ထုတ်​လုပ်​ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခ​ရစ်​တော်​၏​နေ့​ရက်​၌ ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​လိမ့်​မည်။

17. ထို​မျှ​မ​က သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော ဝတ်​ပြု​ခြင်း​နှင့်​ယဇ်​ပူ​ဇော်​ခြင်း​တို့​အ​ပေါ်​၌ ငါ​သွန်း​လောင်း​ပူ​ဇော်​ခြင်း​ခံ​ရ​မည်​ဆို​လျှင်​လည်း ငါ​ဝမ်း​မြောက်​၏။ သင်​တို့​အား​လုံး​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​၏။

18. ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​လော့။

19. ငါ​သည် သင်​တို့​အ​ကြောင်း​ကို​ကြား​သိ​၍ အား​တက်​လာ​စေ​ရန် တိ​မော​သေ​ကို သင်​တို့​ထံ​သို့ မ​ကြာ​မီ​စေ​လွှတ်​နိုင်​မည်​ဟု သ​ခင်​ယေ​ရှု​၌ ငါ​မျှော်​လင့်​ထား​၏။

20. အ​ကြောင်း​မူ​ကား တိ​မော​သေ​ကဲ့​သို့ ငါ​နှင့်​စိတ်​သ​ဘော​ချင်း​တူ​၍ သင်​တို့​အ​ကျိုး​ကို အ​မှန်​တ​ကယ်​အ​လေး​ထား​ဂ​ရု​စိုက်​မည့်​သူ တစ်​စုံ​တစ်​ဦး​မျှ ငါ​၌​မ​ရှိ။

21. လူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ခ​ရစ်​တော်​၏​အ​ကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။

22. သို့​သော် တိ​မော​သေ​သည် ငါ​နှင့်​အ​တူ သား​အ​ဖ​ကဲ့​သို့ ကောင်း​မြတ်​သော​သ​တင်း​အ​တွက် အ​စေ​ခံ​ခဲ့​သော​ကြောင့် သူ​၏​ရင့်​ကျက်​သော​ပါ​ရ​မီ​ကို သင်​တို့​သိ​ကြ​၏။

23. ထို့​ကြောင့် ငါ​၏​အ​မှု​ကိစ္စ မည်​သို့​ဖြစ်​မည်​ကို သိ​လျှင်​သိ​ချင်း သူ့​ကို​စေ​လွှတ်​နိုင်​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

24. ငါ​ကိုယ်​တိုင်​လည်း မ​ကြာ​မီ​ရောက်​လာ​နိုင်​မည်​ဟု သ​ခင်​ဘု​ရား​၌ ငါ​ယုံ​ကြည်​စိတ်​ချ​၏။

25. သို့​သော် ငါ​၏​ညီ၊ ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​နှင့် ရဲ​ဘော်​ရဲ​ဘက်​ဖြစ်​သည့်​အ​ပြင် ငါ​၏​လို​အပ်​ချက်​များ​ကို​ဖြည့်​ဆည်း​ဆောင်​ရွက်​ပေး​သော သင်​တို့​၏​စေ​တ​မန် ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု ငါ​ယူ​ဆ​၏။

26. အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည် သင်​တို့​အား​လုံး​ကို​လွမ်း​ဆွတ်​နေ​ပြီး သူ​နာ​မ​ကျန်း​ဖြစ်​ကြောင်း သင်​တို့​ကြား​သိ​ကြ​သည့်​အ​တွက် စိတ်​ပူ​ပန်​နေ​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2