25. ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သော ကိုယ်တော်၏အစေခံဒါဝိဒ်၏နှုတ်မှတစ်ဆင့် ‘တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာများကိုကြံစည်ကြသနည်း။
26. ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်၏ခရစ်တော်ကို ဆန့်ကျင်ကြ၏’ဟု မိန့်တော်မူခဲ့၏။
27. အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
28. ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
29. ထာဝရဘုရား၊ ယခု သူတို့၏ခြိမ်းခြောက်မှုများကို သတိမူလျက် ကိုယ်တော်၏အစေအပါးတို့အား နှုတ်ကပတ်တရားကိုရဲရင့်ခြင်းအပြည့်အဝဖြင့်ဟောပြောရသောအခွင့်ကိုပေးတော်မူပါ။
30. တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။
31. ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
32. ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။