26. ထိုအခါ ပေါလုသည် ထိုလူလေးဦးတို့ကိုခေါ်၍ နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် ဗိမာန်တော်ထဲသို့ဝင်ကာ သူတို့တစ်ဦးစီအတွက် ပူဇော်သက္ကာဆက်သမည့်အချိန်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူသည့် နေ့ရက်များပြီးဆုံးမည့်အချိန်ကို အသိပေးလေ၏။
27. ခုနစ်ရက်ကာလပြည့်လုနီးသောအခါ အာရှပြည်မှလာသောဂျူးလူမျိုးအချို့တို့သည် ပေါလုကို ဗိမာန်တော်၌တွေ့ကြလျှင် လူထုပရိသတ်အားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်စေ၍ သူ့ကိုဖမ်းဆီးကာ
28. “အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။
29. ထိုသို့ဆိုခြင်းမှာ သူတို့သည် ဧဖက်မြို့သား တရောဖိမ်ကို ပေါလုနှင့်အတူ မြို့ထဲ၌တွေ့ခဲ့သဖြင့် ပေါလုသည် ထိုသူကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်ခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
30. ထိုအခါ တစ်မြို့လုံးဆူပူလှုပ်ရှား၍ လူတို့သည် ပြေးလာကြကာ ပေါလုကိုဖမ်းဆီးလျက် ဗိမာန်တော်အပြင်သို့ ဆွဲထုတ်ပြီးလျှင် တံခါးများကို ချက်ချင်းပိတ်လိုက်ကြ၏။