16. ပေါလုသည် အေသင်မြို့၌ သူတို့ကိုစောင့်နေစဉ် ထိုမြို့သည် ရုပ်တုများနှင့်ပြည့်နေသည်ကိုမြင်၍ မိမိစိတ်တွင် မခံမရပ်နိုင်ဖြစ်ရလေ၏။
17. ထို့ကြောင့် သူသည် ဝတ်ပြုစည်းဝေးကျောင်းတွင် ဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့နှင့် ဆွေးနွေးပြောဆိုလျက် ဈေးအရပ်တွင်လည်း ထိုအရပ်၌ရှိသောသူတို့နှင့် နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆို၏။
18. ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
19. ထိုအခါ သူတို့သည် ပေါလုကို အာရေပါဂုရုံးတော်သို့ ခေါ်သွားပြီးလျှင် “သင်ဟောပြောနေသော ဤအယူဝါဒအသစ်သည် မည်သည့်အရာဖြစ်သည်ကို ငါတို့သိပါရစေ။
20. အကြောင်းမူကား သင်သည် ငါတို့အတွက်အသစ်အဆန်းဖြစ်သောအရာအချို့တို့ကို ယူဆောင်လာသည်ဖြစ်၍ ၎င်းတို့သည် မည်သည့်အရာဖြစ်သည်ကို ငါတို့သိလိုပါသည်”ဟု ဆိုကြ၏။
21. အေသင်မြို့သားများမှစ၍ အလည်အပတ်ရောက်ရှိလာသော သူစိမ်းဧည့်သည်အပေါင်းတို့သည် အသစ်အဆန်းဖြစ်သောအရာတစ်စုံတစ်ခုကို ပြောဆိုရန် သို့မဟုတ် ကြားနာရန်အတွက်သာ အချိန်ကိုအသုံးချတတ်ကြ၏။
22. ထို့ကြောင့် ပေါလုသည် အာရေပါဂုရုံးတော်အလယ်၌ရပ်လျက် “အေသင်မြို့သားတို့၊ သင်တို့သည် အရာရာ၌ ဘာသာတရားအလွန်ကိုင်းရှိုင်းသူများဖြစ်ကြသည်ကို ငါမြင်ရ၏။
23. သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။
24. ကမ္ဘာလောကနှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်၍ လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မူသည်မဟုတ်။