10. သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။
11. ငါတို့သည်လည်း ထိုသူတို့နည်းတူ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏”ဟု ပြောဆို၏။
12. ထိုအခါ စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်သွား၍ ဗာနဗနှင့်ပေါလုတို့က မိမိတို့အားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအကြောင်း ပြောပြကြသည်ကို နားထောင်လျက်နေကြ၏။
13. သူတို့ပြောဆိုပြီးသောအခါ ယာကုပ်က “ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြပါ။
14. ဘုရားသခင်သည် မိမိနာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူမျိုးတော်ကိုရယူရန် သူတို့ထံ ဦးစွာအကြည့်အရှုကြွလာတော်မူကြောင်း ရှိမုန်က ပြောပြခဲ့ပြီ။
15. ပရောဖက်တို့၏စကားသည်လည်း ဤအကြောင်းအရာနှင့် ကိုက်ညီ၏။ ကျမ်းစာ၌
16. ‘ဤအရာများနောက်တွင် ငါသည် ပြန်လာ၍ ပြိုလဲသောဒါဝိဒ်၏တဲကို ပြန်လည်တည်ဆောက်မည်။ ငါသည် ဖြိုဖျက်ခြင်းခံရသော ထိုတဲကို ပြန်လည်တည်ဆောက်၍ ၎င်းကို ခိုင်ခံ့တည့်မတ်စေမည်။
17. ဤသည်ကား ကြွင်းကျန်သောလူတို့နှင့် ငါ၏နာမဖြင့် ခေါ်ဝေါ်သမုတ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာဝရဘုရားကို ရှာဖွေကြမည့်အကြောင်းတည်းဟု
18. ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
19. ထို့ကြောင့် လူမျိုးခြားတို့ထဲမှ ဘုရားသခင်ထံပြောင်းလဲလာသောသူတို့ကို ဒုက္ခမပေးဘဲ
20. ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
21. အကြောင်းမူကား ရှေးအခါကပင် မြို့တိုင်း၌ မောရှေ၏ပညတ်တရားကို ဟောပြောသောသူရှိ၍ ထိုကျမ်းကို ဥပုသ်နေ့တိုင်း ဝတ်ပြုစည်းဝေးကျောင်းများတွင် ဖတ်လေ့ရှိကြ၏”ဟု ဆိုလေ၏။
22. ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။