13. သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။
14. သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။
15. ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
16. “ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြပေးသူဖြစ်သည့် ယုဒဣရှကာရုတ်နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်၏နှုတ်အားဖြင့် ကြိုတင်ဟောကြားထားသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်၏။