9. သေဒဏ်စီရင်ခံရပြီဟု မိမိတို့စိတ်ထဲ၌ခံစားမိကြ၏။ ဤသည်ကား ငါတို့သည် မိမိကိုယ်ကိုမကိုးစားဘဲ သေသောသူတို့ကိုထမြောက်စေတော်မူသော ဘုရားသခင်ကိုကိုးစားကြရန်ဖြစ်၏။
10. ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။
11. သင်တို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါတို့ကိုကူညီဆောင်ရွက်ပေးကြသည်ဖြစ်၍ များစွာသောသူတို့၏ဆုတောင်းခြင်းအားဖြင့် ငါတို့ခံစားရသောဆုကျေးဇူးအတွက် များစွာသောသူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ချီးမွမ်းကြလိမ့်မည်။
12. ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
13. အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သောအရာတို့မှတစ်ပါး အခြားမည်သည့်အရာကိုမျှ သင်တို့ထံသို့ မရေးခဲ့ကြပေ။
14. သင်တို့သည် ငါတို့ကို တစ်စိတ်တစ်ဒေသ သိထားသည်ဖြစ်၍ ငါတို့သခင်ယေရှု၏နေ့ရက်၌ ငါတို့သည် သင်တို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်ကြောင်းကို သင်တို့စုံလင်စွာသိကြလိမ့်မည်ဟု ငါမျှော်လင့်၏။
15. ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍
16. သင်တို့နေရာကိုဖြတ်လျက် မာကေဒေါနိပြည်သို့ သွားပြီးနောက် တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ထံသို့ပြန်လာ၍ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ယုဒပြည်သို့သွားမည်ဟု စီစဉ်ထား၏။
17. ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော။ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။
18. ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်နှင့်အညီ သင်တို့အား ငါတို့ပြောဆိုသောစကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏” နှင့် “မဟုတ်ပါ”ဟူ၍ ဖြစ်သည်မဟုတ်။
19. အမှန်စင်စစ် ငါမှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့ထဲတွင်ဟောပြောခဲ့သော ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၌ တစ်ချိန်တည်းတွင် “ဟုတ်ပါ၏” နှင့် “မဟုတ်ပါ”ဟူ၍မရှိဘဲ ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍သာရှိ၏။
20. အကြောင်းမူကား ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ထင်ရှားမည့်အကြောင်း ငါတို့သည် “အာမင်”ဟု ကိုယ်တော်အားဖြင့်ဆိုကြ၏။
21. ငါတို့ကို သင်တို့နှင့်အတူ ခရစ်တော်၌တည်မြဲစေ၍ ငါတို့အား ဘိသိက်ပေးတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
22. ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်နှိပ်တော်မူ၍ စရန်အဖြစ် ငါတို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို သွင်းပေးတော်မူ၏။
23. ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။
24. ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။