26. ``သို့ရာတွင်ကိုယ်တော်၏လူမျိုးတော်သည်ပုန်ကန်ကာကိုယ်တော်၏စကားကို နားမထောင်ကြပါ။သူတို့သည်ကိုယ်တော်၏ပညတ်တရားတော်ကို ပစ်ပယ်ကြပါ၏။မိမိတို့အားသတိပေးသူ၊ မိမိတို့အား ကိုယ်တော်ထံပြန်လာရန်ပြောကြားသူပရောဖက်များအား သတ်ဖြတ်ကြပါ၏။သူတို့သည်ကိုယ်တော်အားအကြိမ်ကြိမ် စော်ကားကြပါ၏။
27. သို့ဖြစ်၍ကိုယ်တော်ရှင်သည်ရန်သူတို့အားသူတို့ကိုနှိမ်နင်းအုပ်စိုးခွင့်ပေးတော်မူ ပါ၏။သူတို့သည်ဒုက္ခရောက်သဖြင့်ကူမတော်မူပါဟု အထံတော်သို့အော်ဟစ်ကြပါ၏။ထိုအခါကိုယ်တော်သည်ကောင်းကင်ဘုံမှ ကြားတော်မူ၍ကရုဏာတော်ကြီးမားသည်နှင့်အညီသူတို့အားရန်သူများလက်မှကယ်ဆယ်ရန် ခေါင်းဆောင်များကိုစေလွှတ်တော်မူပါ၏။
28. ငြိမ်းချမ်းမှုပြန်လည်ရရှိကြသောအခါသူတို့သည်တစ်ဖန်အပြစ်ကူးလွန်ကြပြန်သဖြင့်ကိုယ်တော်သည်သူတို့အားရန်သူများ၏လက်သို့ တစ်ဖန်အပ်တော်မူပါ၏။သို့ရာတွင်သူတို့သည်နောင်တရလျက်မိမိတို့အားကယ်တော်မူရန်အထံတော်သို့ တောင်းလျှောက်ကြသောအခါကိုယ်တော်သည်ကောင်းကင်ဘုံမှကြားတော်မူပါ၏။ကရုဏာတော်ကြီးမားတော်မူသည့်အလျောက်သူတို့အားအကြိမ်ကြိမ်အဖန်ဖန် ကယ်ဆယ်တော်မူပါ၏။
29. ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကိုလိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်းသူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
30. ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်းကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အားကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။
31. သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ဆုံးပါးပျက်စီးစေတော်မမူပါ။ကိုယ်တော်သည်သနားကြင်နာ၍ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။