16. ယောသပ်၏ညီအစ်ကိုတို့ရောက်ရှိလာသောသတင်း ကိုကြားရသောအခါ ဖာရောဘုရင်နှင့်မှူးမတ် အပေါင်းတို့သည်နှစ်ထောင်းအားရကြ၏။-
17. ဖာရောဘုရင်ကယောသပ်အား``သင်၏ညီအစ်ကို တို့အား မြည်းများပေါ်တွင်ပစ္စည်းများတင်ဆောင် ၍ခါနာန်ပြည်သို့ပြန်စေပြီးလျှင်၊-
18. သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
19. သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
20. သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
21. ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
22. သူသည်ညီအစ်ကိုတစ်ယောက်စီတစ်ယောက် စီတို့အားအဝတ်အထည်တစ်စုံကျပေး၏။ ဗင်္ယာမိန်အတွက်မူကားငွေသားသုံးရာနှင့် အဝတ်အထည်ငါးစုံပေးလေ၏။-